၂၀၁၁ ခုနှစ် စက်တင်ဘာလ(၃၀)ရက်။
မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး (၁၀၀)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အရေးတကြီး လိုအပ်နေသော တွေ့ဆုံ ဆွေးနွေးမှု အမြန်ဆုံး ပေါ်ပေါက်ရန် တောင်းဆိုသည့် ဆန္ဒပြပွဲ အခမ်းအနားကို တိုကျိုမြို့၊ ရှိနာဂါဝါ၊ မြန်မာစစ် အခွန်ရုံးရှေ့တွင် ဒီကနေ့ ညနေ(၃း၀၀ နာရီ မှ ၄း၀၀နာရီ) အထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
ဒီပဲယင်းလုပ်ကြံမှုကြီး၌ အသက်ပေးဆပ် စွန့်လှူခဲ့ကြသူများတို့အား မိမိတို့ ကိုးကွယ်ရာ ဘာသာအလိုက် တမိနစ် ငြိမ်သက် ဆုတောင်း မေတ္တာပို့သပေးခဲ့ကြပြီးနောက် NLD(LA-JB)အထွေထွေအတွင်းရေးမှူး ဦးသောင်းမြင့်ဦးမှ မြန်မာနိုင်ငံမှာ တရားဥပဒေမဲ့ ဒီပဲယင်းလို လုပ်ရပ်မျိုးတွေ နောင်မဖြစ်ပေါ်ဖို့ တောင်းဆိုဖို့ လိုအပ်သလို လူထုခေါင်းဆောင်နဲ့ သမတ္တ ဦးသိန်းစိန် အစိုးရတို့ရဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွေ ခိုင်ခိုင်မာမာနဲ့ အကောင်အထည်ဖေါ် ပြီးမြောက် အောင်မြင်တဲ့အထိ လုပ်ကိုင်ဆောင်ရွက် သွားကြဖို့ လ(၁၀၀)ပြည့်မှာ ကျနော်တို့တွေ အားလုံး လေးလေးနက်နက် တောင်းဆိုဆန္ဒပြကြဖို့ တိုက်တွန်း ပြောဆိုသွားပါသည်။
ဆက်လက်ပြီး အဖွဲ့အစည်းအသီးသီး တာဝန်ရှိသူများတို့မှ အမှာစကား ပြောကြားပြီးသည်နောက် ဆန္ဒပြပွဲ တက်ရောက်ကြသူများတို့မှ ဒီပဲယင်း ဖြစ်ရပ်မှန်ကို ဖေါ်ထုတ်ပေးဖို့နဲ့ မတရား အဖမ်းဆီးခံ နေကြရသော နိုင်ငံရေး အကျဉ်းသားများ အားလုံး ချက်ခြင်း လွတ်ပေးရန်နှင့် တိုင်းရင်းသားဒေသ ထိုးစစ်ဆင်နေမှု ချက်ခြင်းရပ်ဖို့ တောင်းဆို သွားခဲ့ကြကြောင်း သိရှိရပါသည်။ ယနေ့ ဆန္ဒပြပွဲတွင် ဂျပန်ရောက် မြန်မာဒီမိုကရေစီ အင်အားစုများ ၁၅၀ကျော်ခန့် ပူးပေါင်း ဆန္ဒပြခဲ့ကြပါသည်။
photo by Thein Win (BRSA)

9:55 AM
zarni