မြစ်ဆုံသို့
၁။ ကျွန်တော်ဟာ သာမာန်စာဖတ်သူတစ်ဦး လမ်းဘေးက layman တစ်ဦးသာဖြစ်ကြောင်း ကြိုတင်အသိပေးပါတယ်။ ကျွန်တော်ပြောလိုတဲ့ အကြောင်းအရာက (ငွေတစ်မတ်နဲ့ ငါးကြင်းခေါင်း ကိုင်ချင်သူလို) မြစ်ဆုံ ရေကာတာနဲ့ ပတ်သက်တဲ့ အကြောင်း ဖြစ်လို့ပါပဲ။ အဲတော့ဗျာ၊ ကျွန်တော့်ဥာဏ် တစ်ထွာတစ်မိုက်နဲ့ မတန်မရာတွေပြောမိတဲ့ ခုလိုအခါမျိုးမှာ အမှားတွေပါတာ၊ နည်းပညာ/အတတ်ပညာနဲ့ မနီးစပ်တာ ၊ မတော်မလျော်တာတွေ ပါနိုင်ပါတယ်။ အဲဒီအခါမျိုးမှာ၊ လမ်းညွှန်ပေးပါ၊ တည့်မတ်ပေးပါ၊ ဆုံးမပေးပါ၊ နာရင်းဝင်ရိုက်ပေးကြပါခင်ဗျား။
၂။ “ဧရာဝတီကို ကာကွယ်ကြ” ခေါင်းစဉ်ဟာ ခုတလော (လိုအပ်ချက်အရကို) မြည်ဟည်းကျယ်လောင်နေပါတယ်။ ကန့်ကွက်ရန်မရှိပါ။ မြန်မာမှန်ရင်၊မြန်မာ့နယ်နမိတ်အတွင်း မွေးဖွားရှင်သန်လာသူ(မည်သည့် တိုင်းရင်းသားမဆို) တိုင်းဟာ ဧရာဝတီနဲ့ ဆိုင်ပါတယ်။ ဧရာဝတီကိုချစ်ကြတယ်။ ချစ်ဖို့တာဝန်ရှိတယ်လို့ ခံယူထားပါတယ်။ ဒီတော့ ပြောကြဆိုကြ၊ ပါဝင်ဆွေးနွေးနေကြပါတယ်။ လုပ်သင့်တဲ့ ကောင်းတဲ့ ကိစ္စပါပဲ။
၃။ မြစ်ဆုံစီမံကိန်းစနေတာ နှစ်တစ်ချို့ကြာနေပါပြီ။ အစဦးပိုင်းမှာ သိပ်ပြောဆိုသံတွေ မကျယ်လောင်ပေမယ့် ဒီလပိုင်းမှာတော့ ကျယ်ကျယ်လောင်လောင် (တတ်နိုင်သမျှ ပြည့်ပြည့်စုံစုံ) အလွှာပေါင်းစုံက ဆွေးနွေးပြောဆိုလာကြတာကို တွေ့ရပါတယ်။ အရင်က ပြောဆိုခွင့်မသာလို့ အသံတွေငြိမ်နေပြီး၊ ဒီမိုကရေစီအစိုးရသစ်တက်လာချိန်မှာ ပြောရေးဆိုခွင့် နည်းနည်းရှိလာလို့ တိုးတိုးပြီး(တိုးတိုးလေးမဟုတ်) ကျယ်ကျယ်လောင်လောင်ပြောဆိုလာကြတာလို့ ယူဆပါတယ်။ ဒါလည်း ကိစ္စကောင်းပါပဲ။ အဲသလို ပြောကြလို့သာ ဘာမှမသိတဲ့သာမာန်လမ်းေးဘးက လေးမဲန်းတွေ သိခွင့် နာကြားခွင့်ရခဲ့ပါတယ်။ မျက်စိပွင့်လို့ နားလည်းစွင့်နေရပါတယ်။
၎။ ခုတလော အချိန်ရရင် ရသလို“မြစ်ဆုံ”ကို“မြစ်ဆုံး”မဖြစ်စေချင်လို့ စိုးရိမ်သောက ဗလပွနဲ့ ၀င်ရောက်ဆွေးနွေးတဲ့ ဆွေးနွေးမှုတွေကို လက်လှမ်းမှီသလောက် ဂရုတစ်စိုက်ဖတ်ဖြစ်ပါတယ်။ အဲဒီအခါမှာ “ထောက်ခံသူ” နဲ့ “ကန့်ကွက်သူ” ဘက်နှစ်ဘက်ရဲ့ အသံတွေကိုကြားရပါတယ်။ ထောက်ခံသူတွေဘက်က ပွင့်လင်းမြင်သာမှုမရှိသော အဆိုတွေရယ်၊ ကန့်ကွက်သူတွေဘက်က အစိုးရိမ်လွန်ကာ ခံစားချက်ရှေ့တန်းတင် ပြောဆိုဆွေးနွေးတာတွေရှိတယ်လို့ ခံစားရပါတယ်။ “ကျွန်တော်တို့လည်း ကိုယ့်နိုင်ငံကို ချစ်တာပါပဲဗျာ”ဆိုတဲ့ စကားတစ်ခွန်းနဲ့ (မှန်ကောင်းမှန်နိုင်ပေမယ့်) ပွဲသိမ်းလိုက်ကာချလိုက်လို့ မရဘူးထင်ပါတယ်။ ကျွန်တော်တို့(နှစ်ဘက်စလုံး) ဟာအချက်အလက်မှန်တွေဆီ ချည်းကပ်လို့၊ ထင်သာမြင်သာသောဆွေးနွေးမှုတွေ၊ ပါဝင်ပတ်သက် ဆုံးဖြတ်နိုင်ခွင့်တွေပေးလို့ တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ ပြဿနာကိုဖြေရှင်းရရင် အဖြေတစ်ခုဆီ အမြန်ဆုံးရောက်ရှိနိုင်လိမ့်မယ်ထင်ပါတယ်။ အားလုံးလည်း မေတ္တာမပျက် ချစ်ချစ်ခင်ခင်ရှိလျက်ပေါ့။ (အမျိုးသားပြန်လည်ပေါင်းစည်းမှုဆိုတာ မရသရွှေ့ ကျွန်တော်တို့လိုချင်တဲ့ ငြိမ်းချမ်းသာယာဝပြော တန်းတူညီမျှသော ရွှေပြည်တော်ဟာလည်း မျှော်လေတိုင်း ဝေးနေမှာပါပဲ)
၎။ တိုင်းပြည်ရဲ့ ထိပ်တန်းလုံခြုံရေးဆိုင်ရာ ကိစ္စ မဟုတ်လို့ ပြည်သူတွေလည်း သိထားသင့်တဲ့အချက်အလက်တွေဖြစ်လို့ နိုင်ငံတော် တာဝန်ရှိသူတွေကဖြစ်ဖြစ်၊ သတင်းစာဆောင်းပါးရှင် “လျှပ်စစ်ဝန်ထမ်းတစ်ဦး”နဲ့ “ကျော်မင်းလူ(ရွှေပြည်သာ)”ကဖြစ်ဖြစ် အောက်ပါပြည်သူတွေက သိလိုလို့ ထုတ်ဖေါ်မေးမြန်းထားတဲ့ မေးခွန်းများကို ဖြေကြားပေးရင် ကောင်းမယ်ထင်ပါတယ်။
ပြည်သူတွေ စိတ်အေးချမ်းသာရှိဖို့ပါ။ အဖြေတွေဟာ အပြစ်ထက် အကျိုးပိုများတယ်လို့ ခိုင်ခိုင်လုံလုံသိလာတဲ့ ဘယ်သူမဆို ကိုယ်တွေအကျိုးရှိမယ့် ရလာဒ်အတွက် ငြင်းဆန်ကြ၊ ကန့်ကွက်ကြမယ်မထင်ပါ။ ခုဟာက ဘာဘာ ဘာမှမသိရတဲ့ ပြည်သူတွေမှာ စိုးရိမ်သောကအပြည့်နဲ့ မေးခွန်းထုတ်နေရတာပါ။။ ပြည်သူဆိုတာ တိုင်းပြည်ရဲ့အမိ တိုင်းပြည်ရဲ့ အဖပါ။ သူ့မြေသူ့ရေမှာ ဖြစ်လာမယ့် အကျိုးဆက်တွေကို အိမ်ထောင်ဦးစီး အဖေနဲ့အမေသိခွင့်ရှိကို ရှိရပါ့မယ်။ သက်ဆိုင်သူများ ဖြေကြည့်ကြရအောင်လား။ ထင်သာမြင်သာပေါ့။
ပထမမေးခွန်းအုပ်စုကတော့ facebooker “ကြည်ဝါထွန်း” ရဲ့ မေးခွန်းတွေပါ။
(က) ရင်းနှီးမြှုပ်နှံမှု အကျိုးအမြတ်ရလာဒ် နှင့် ဆုံးရှုံးမှုမှ တန်ဖိုးခွဲဝေမှုရှင်းတမ်း (Project Cost and Profit & Loss Ratio)
(ခ) နိုင်ငံတစ်ခုနှင့်တစ်ခု စီမံကိန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရာတွင် ဖြစ်ပေါ်လာနိုင်သောဆိုးကျိုးများအားလုံးအတွက် အပြည့်အ၀ပြန်လည်အစားထိုးပေး ကာကွယ်ပေးနိုင်သည့် အာမခံချက် ( Policital Risk Insurance)
(ဂ) ကမ္ဘာ့ဘဏ်တွင်ထားရှိသော ရင်းနှီးမြှုပ်နှံသူ၏ စီမံကိန်းဆိုင်ရာ ကုန်ကျစရိတ်နှင့် တိုက်ရိုက်မပတ်သက်သော သတ်မှတ်ထားသည့် ငွေကြေး အာမခံချက် (Banker's Guarantee from World Bank)
(အကျယ်ဖတ်လိုသူများ ကြည်ဝါထွန်းရဲ့ fb စာမျက်နှာမှာ သွားဖတ်ကြစေ့ချင်ပါတယ်။ )
ပြည်သူတွေအတွက် ဘယ်လောက်အကျိုးအမြတ်ရှိလည်း အာမခံချက် ဘယ်လောက်ရှိလဲဆိုတဲ့ အမြင်က ထွက်ပေါ်လာတဲ့၊ (အများပြည်သူလည်း သိသင့်တဲ့) မေးခွန်းများလို့ ထင်ပါသဗျာ။
နောက်တစ်ယောက်ကတော့ facebooker “နိုင်ထူးအောင်” ပါ။
သူကတော့ အင်ဂျင်နီယာ(သို့မဟုတ်) အဲဒီ တည်ဆောက်မှု အတတ်ပညာနဲ့ ကျွမ်းဝင်သူဖြစ်ဟန်တူပါရဲ့ (သူဘယ်သူလဲ ကျွန်တော်မသိပါ)။ သို့သော် အောက်ပါ သူ့မေးခွန်းလေးတွေကို ကျွန်တော်လည်း သိချင်နေပါတယ်။
(က) ငလျင်ဒဏ်ခံနိုင်တယ်ဆိုတာ၊ structure တွက်တဲ့အပိုင်းအပေါ် အများကြီး မှီတည်နေတာမျိုးပါ။ Magnitude ဘယ်လောက်ခံနိုင်အောင် ထည့်သွင်း Design လုပ်ထားတဲ့အပေါ်မူတည်ပါတယ်။ RC တိုက်တစ်လုံးကို Magnitude 8 ခံနိုင်အောင်လည်း တွက်လို့ရတယ်။ 4 ခလောက်ပဲ ခံနိုင်အောင်လဲ တွက်လို့ရပါတယ်။
“ကျော်မင်းလူ”ရဲ့ဆောင်းပါးမှာ မြစ်ဆုံဆည်ဟာ ငလျင်ဒဏ်ခံနိုင်အောင် CFRD type ကိုရွေးချယ်ထားတယ်လို့ ပြောတဲ့အပေါ်မှာ type က အဓိကမကျ ရွေးချယ်တဲ့ structure သာ အဓိကကျကြောင်း ထောက်ပြတာပါ။
(ခ) ဆောင်းပါးရှင်ရဲ့ “တမံရဲ့ သိုလှောင်ရေပမာဏဟာ စီးဝင်ရေပမာဏရဲ့ ၇ဒဿမ ၆ရာနှုန်းသာရှိတဲ့အတွက် ကျန်စီးဝင်ရေ ၉ ၂ဒဿမ၄ရာနှုန်းဟာ ဧရာဝတီမြစ်ထဲကို နဂိုမူလအတိုင်း စီးဝင်နေမှာသာဖြစ်ပါတယ်” ဆိုတဲ့ တင်ပြမှုကို “ ရေပိုလွှဲရဲ့ Capscity မသိ turbine တွေက ဘယ်လောက်နှုန်းနဲ့ ရေပြန်ထွက်လာမှာလဲ မပါပဲ ဘာအခြေခံနဲ့ ပြောတာလဲဗျ” ဆို့ မေးပါတယ်။ (ခင်ဗျားတို့က နိုင်ငံအကြီးအကဲတွေမို့ ရှင်းလင်းဆောင်ကို ဖိတ်ပြီး ဒါတွေကို ရှင်းပြနေရဦးမှာလားလို့ပြန်ပက်ရင်လည်း ခံရမှာပါပဲ။) ကျွန်တော်တို့က သာမာန်ပြည်သူတွေဆိုတော့ မေးခွန်းများရဲ့ အဖြေကို သိလိုစိတ်ကြီးလှပါတယ်။
Burma River Network က “မ အားနန်” ကတော့၊ ရေလွှမ်းဧရိယာက မလွတ်လို့ ရွှေ့ပြောင်းပေးထားရတဲ့ “အောင်မြေသာ စံပြကျေးရွာ” ဟာ ဒုက္ခသည်စခန်းနဲ့ အတူတူပဲလို့ဆိုပါတယ်။ 9-8-11 သတင်းစာမှာတော့ “ယင်းတို့၏ နဂိုရှိရင်းစွဲ အဆင့်အတန်းထက် ပိုမိုကောင်းမွန် မြင့်မားစွာ တည်ဆောက်အကောင်ထည်ဖေါ် နေရာချထားပေးခဲ့ပြီဖြစ်သည်” လို့ဆိုပါတယ်။ ဘယ်ဘက်က မှန်သလဲတော့ သွားမကြည့်ရသေးတဲ့ ကျွန်တော် မသိပါ။
အဲဒီဒေသခံ အောင်မြေသာ မှာ နေထိုင်တဲ့ ပြည်သူတွေရဲ့အသံကိုကြားရရင်တော့ ဒီအဆိုတွေ မှန်မမှန်သိရမှာပေါ့။ international River Network ရဲ့စာတမ်းတစ်ခုမှာတော့ ထိုင်း၊ အိန္ဒိယ၊ ဘရာဇီးက ရွှေ့ပြောင်းခံရသူတွေရဲ့အသံကို ကြားရပါတယ်။ ““ရေကာတာ ဘေးဒဏ်ခံနေရသူများ၏ သဘောတူညီချက်မရရှိပဲ မည်သည့်ရေကာတာမှ ဆောက်ခွင့်မရှိဟု အပြည်ပြည်ဆိုင်ရာ ရေကာတာကော်မရှင်က ဆိုသည်”” ဆိုတာလည်း ဖတ်ရပါတယ်။ ဒါပေမယ့် မြစ်ဆုံရေကာတာမှာ ပြောင်းရွှေ့ခံရသော လူဦးရေနဲ့ ထွက်ရှိမယ့် မီဂါဝပ်အချိုး (People Displace/MW) အရဆိုရင်တော့ ဆည်ဆောက်ရန်တွက်ချက်စဉ်းစားရာမှာ သင့်လျော်သော အချိုးအစားတစ်ခု ဖြစ်နေတာလည်း တွေ့ရပြန်ပါတယ်။ ရေရှည်မှာ ရွှေ့ပြောင်းခံရသော လူတွေရဲ့ အနာဂတ်အာမခံချက်ရှိရေးဟာ အလွန်အရေးကြီးလှတာလည်းတွေ့ရပါတယ်။ တစ်ချို့နိုင်ငံက ဆည်တွေ ဆည်မဆောက်ခင် ပေးတဲ့ကတိကတစ်မျိုး၊ ဆည်ဆောက်ပြီးတော့ စားပြီးနားမလည်လုပ်ရင်း အဲဒီလူတွေရဲ့ အနာဂတ်ရေးရာကို ပစ်ပယ်ထားတာတွေ့ရလို့ပါပဲ။
မေးလ်ထဲံရောက်လာတဲ့စာပိုက်လေးပါ။

9:32 AM
zarni