ဒုက္ခသည်ဆိုတာ ခြေထောက်နဲ့ မဲပေးသွားတာဘဲ....(လီနင်)

Monday, August 8, 2011

23-th ANNIVERSARY 8888 TOKYO JAPAN (8-8-2011)


သတင်း၊ဓါတ်ပုံ။ ။thein win (BRSA) thar htet /ye min oo (bcjp)
၈ ရက် ၈ လ ၂၀၁၁ ခုနှစ်။

(၂၃)နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ချီတက် ဆန္ဒပြပွဲ အခမ်းအနား ကို ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ ဦးစီး၍ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ မြန်မာ့အရေးကို ကူညီ ဆောင်ရွက်ပေးကြသည့် NGOအဖွဲ့များ ၊ ဂျပန်အလုပ်သမား သမဂ္ဂများနှင့် ဂျပန်လူမျိုးများ တို့လည်း ပူးပေါင်းပါဝင် ခဲ့ကြပါသည်။

အခမ်းအနားကို Gotanta ပန်းခြံမှာ နေ့လည်(၂း၃၀)နာရီကျော်မှာ စတင်ကျင်းပ ပြုလုပ်ပြီး ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ လူထုအုံကြွမှုမှာ စွန့်လွတ်စွန့်စား အသက်ပေးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူ အာဇာနည် သူရဲကေါင်းအပေါင်းတို့ကို အလေးပြုခြင်း၊မိမိတို့၏ နိုင်ငံရေး ယုံကြည်ချက်များကြောင့် အကျဉ်းထောင်များအတွင်း မတရား ဖမ်းဆီးခံနေကြရသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံးတို့ကို ဦးညွတ်ဂုဏ်ပြု ပြီးသည့်နောက် ကျင်းပရေးကော်မတီကိုယ်စား ဦးဘုန်းမြင့်ထွန်းမှ အဖွင့်အမှာစကား ပြောကြားရာမှာ ၁၉၈၈ ခုနှစ်မှာ ရှစ်လေးလုံးဒီမိုကရေစီ လူထု အရေးတော်ပုံကြီးနှင့် ပတ်သက်သည့် နောက်ခံသမိုင်းကြောင်းများကို ရှင်းလင်း ပြောကြားသွားခဲ့ပါသည်။

ထိုနောက် ပူးပေါင်းပါဝင်ကြသည့် အဖွဲ့ အစည်းအသီးသီး တာဝန်ရှိသူများတို့မှ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ မပြီးဆုံးသေးသည့် ဒီမိုကရေစီ အဆုံးသတ် တိုက်ပွဲကြီးကို ဆင်နွဲကြဖို့ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ မဆလ တပါတီ အာဏာရှင်စနစ်ကို ဖျက်သိမ်း အဆုံးသတ် နိုင်ခဲ့ပေမဲ့ အာဏာရှင်စနစ်၏ ဖိနှိပ်ရက်စက်မှုအောက်တွင် ယနေ့ချိန်ထိ ဆက်လက် တိုက်ပွဲဝင် နေကြရဆဲ ဖြစ်ကြောင်း ရှစ်လေးလုံး အရေးတော်ပုံ စိတ်ဓာတ်ဖြင့် အတူတကွ ပူးပေါင်းတိုက်ပွဲဝင် ဆင်နွဲကြဖို့ တိုက်တွန်း ပြောကြား သွားခဲ့ကြပါသည်။ နေ့လည် (၃း၀၀)နာရီ တိတိတွင် ပန်းခြံကနေ စတင်ထွက်ခွါပြီး ဂျပန်နိုင်ငံရဲ့ လူစည်ကားရာ မြို့လည် လမ်းမကြီးများအတိုင်း ချီတက်လာကြပြီး ချီတက်သွားရာ လမ်းတလျှောက်တွင်လဲ မတရား အဖမ်းဆီခံ နိုင်ငံရေးအကျဉ်းသားများအားလုံး “ချက်ချင်းလွတ်” ၊ လူ့အခွင့်အရေး ချိုးဖေါက်နေမှုတွေ၊ တိုင်းရင်းသား ဒေသများအတွင်း အကြမ်းဖက် စစ်ဆင်နေမှုတွေ “ချက်ချင်းရပ်” ၊ စစ်မှန်သည့် တွေ့ဆုံဆွေးနွေးရေး “ချက်ချင်းလုပ်” စသည့် ဂျပန်နှင့် မြန်မာ နှစ်ဘာသာ ကြွေးကြော်သံများဖြစ် ချီတက် ဆန္ဒပြတောင်းဆို ခဲ့ကြပါသည်။
ဆက်လက်ပြီး Shinagawa အရပ်ရှိ မြန်မာစစ်အခွန်ရုံး(သံရုံး)ရှေ့တွင် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့၏ ဆန္ဒသဘောထားများ ထည့်သွင်းတောင်းဆိုသည့် ထုတ်ပြန်ကြေငြာချက် တစောင်ကို သံရုံးသို့ တရားဝင် ပေးပို့ရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း သမ္မတဦးသိန်းစိန် ဂျပန် သံရုံးကိုယ်စားလှယ်မှ တရားဝင် လက်ခံမည့်သူ မရှိသည့်အတွက် သံရုံးစာတိုက်ပုံတွင် ထည့်သွင်းခဲ့ကြပြီး မြန်မာစစ်အခွန်ရုံး(သံရုံး) ရှေ့ဖြတ်သန်းကာ အနီးရှိ ပန်းခြံတွင် အဆုံးသတ်ခဲ့ပါသည်။ ကျင်းပရေးကော်မတီ ကိုယ်စား ဦးကျော်ကျော်စိုးမှ ချီတက် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည့် ဒီမိုကရေစီ အင်အားစုများကို ကျေးဇူးတင် စကားပြောကြားပြီး အခမ်းအနားကို ညနေ ၄း၀၀ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။ ချီတက်ဆန္ဒပြပွဲသို့ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွစွာလှုပ်ရှားသူ စုစုပေါင်း အင်အား(၈၀၀)ခန့် တက်ရောက်ကြောင်း သိရှိရပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More