ဒုက္ခသည်ဆိုတာ ခြေထောက်နဲ့ မဲပေးသွားတာဘဲ....(လီနင်)

Friday, October 16, 2009

ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၏မွေးနေ့အကြိုဟောပြောပွဲ ပြုလုပ်
၁၆ အောက်တိုဘာ
၂၀၀၉

ကျောင်းသားစိတ်ဓာတ်နှင့် ကျောင်းသားသမဂ္ဂစိတ်ဓာတ်ကို မျိုးဆက်သစ်ကျောင်းသားလူငယ်များ သိရှိစေရန်အတွက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၏ (၄၇) နှစ်ပြည့်မွေးနေ့ အကြိုဟောပြောပွဲများကို မဲဆောက်ရှိ မြန်မာရွှေ့ပြောင်း ကျောင်းများတွင် ယနေ့ကျင်းပပြုလုပ်သည်။ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) နှင့် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ ကမကထပြု၍ မြန်မာရွှေ့ပြောင်းကျောင်း (၇) ကျောင်းမှ ကျောင်းသားကျောင်းသူများကို ဟောပြောခဲ့ခြင်းဖြစ်သည်။ ယခုလ (၁၈) ရက်နေ့တွင် ကျရောက်မည့် ကိုမင်းကိုနိုင်၏ မွေးနေ့အကြို ဟောပြောပွဲနှင့် ပတ်သက်၍ နိုင်ငံခြားရေးရာကော်မတီ၏ တာဝန်ခံ ကိုမင်းနိုင်က “ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ အတော်များများဟာ မြန်မာပြည် ဒီမိုကရေစီရရှိရေး အတွက် လှုပ်ရှားဆောင်ရွက်နေသူတွေဖြစ်ပြီး စစ်အကျဉ်းထောင်အသီးသီးကို ရောက်ရှိနေတဲ့အချိန်ဖြစ်တယ်။ လူပုဂ္ဂိုလ် တယောက်ရဲ့ မွေးနေ့အနေနဲ့ ဒီအခမ်းအနားကို လုပ်တာမဟုတ်ဘူး။ ကိုမင်းကိုနိုင်ဟာ ၈၈မျိုးဆက်ကျောင်းသားတွေ အားလုံးကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်တယောက်ရဲ့ သရုပ်သဏ္ဌာန်တခုဖြစ်တယ်” ဟု ပြောသည်။“ဒီသရုပ်သဏ္ဌာန်ကို ကျနော်တို့ ဒီနယ်စပ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတွေဆိုရင် အလှမ်းဝေးတယ်။ သူတို့အနေနဲ့ ကိုမင်းကိုနိုင်ရဲ့စိတ်ဓာတ်၊ ကျောင်းသားသမဂ္ဂရဲ့စိတ်ဓာတ်ကို သိရှိနားလည်လာအောင်၊ သူတို့ရင်ထဲ တကယ်စွဲမြဲကျန်ခဲ့အောင်၊ ဒီစိတ်ဓာတ်တွေအတိုင်း ဆက်ပြီးပညာသင်ကြားနိုင်အောင်၊ လူလားမြောက်လာနိုင်အောင်အတွက် ရည်ရွယ်ချက်နဲ့ ဒီအခမ်းအနားကို ပြုလုပ်ရတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။ဟောပြောပွဲများသို့ ကျောင်း (၇) ကျောင်းမှ ကျောင်းသား (၁,၃၀၀) ခန့် တက်ရောက်ကြပြီး အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။SAW အထက်တန်းကျောင်းမှ (၁၀) တန်းကျောင်းသား မောင်နောင်ရိုးက “မြန်မာပြည်ရဲ့ ကျောင်းသားလှုပ်ရှားမှုသမိုင်း၊ ကျောင်းသားစိတ်ဓာတ်နဲ့ ကျောင်းသားတွေရဲ့ အရေးပါမှုအခန်းကဏ္ဍတွေကို သိရတဲ့အတွက် ဗဟုသုတတွေရပါတယ်” ဟု ပြောသည်။အဘ ဦးသက်ညွန့်၊ အမိ ဒေါ်လှကြည်တို့မှ မင်းကိုနိုင်ကို ၁၉၆၂ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ သတ္တဗေဒအဓိကဖြင့် စတင်ပညာသင်ကြားခဲ့ကာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ ကျောင်းသားလှုပ်ရှားမှုတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည်။၁၉၈၉ ခု မတ်လ (၂၃) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံအပြီး နေအိမ်သို့အပြန် မင်းကိုနိုင်ကို စစ်အစိုးရက ဖမ်းဆီးပြီး ၂၀၀၄ ခုနှစ် နိုဝင်ဘာ (၁၉) ရက်တွင် ထောင်မှပြန်လွတ်ခဲ့သည်။ ထို့နောက်၂၀၀၆ ခု စက်တင်ဘာ (၂၇) ရက်တွင် ထပ်မံဖမ်းဆီးခံရပြီး ၂၀၀၇ ခု ဇန်န၀ါရီလ (၁၁) ရက်တွင် ပြန်လွတ်လာကာ ၂၀၀၇ ခု သြဂုတ် (၂၁) ရက်ညတွင် ထပ်မံဖမ်းဆီးခံရပြီး ထောင်ဒဏ် (၆၅) နှစ် ကျခံနေရသည်။၁၉၉၉ ခုနှစ်က ကိုမင်းကိုနိုင်သည် မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာစင်သီယာမောင်နှင့်အတူ ကနေဒါနိုင်ငံမှချီးမြှင့်သည့် JohnHumphreyFreedomAward(Canada) ဆုကို စတင်ရရှိခဲ့ပြီး အဆိုပါဆုအပါအ၀င် နိုင်ငံတကာမှ ပေးအပ်ချီးမြှင့်သည့်ဆု (၇) ဆု ရရှိထားသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More