zarni
ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထောင်ဒဏ် ၁နှစ်ခွဲ ချမှတ်
8/11/2009
မင်းဆက်ခိုင်(နိရဉ္စရာ) အင်းစိန်ထောင် တရားရုံးတွင် အမှုရင်ဆိုင်နေရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့တွင် နေအိမ်အကျယ်ချုပ်ဖြင့် ပြစ်ဒဏ် ၁နှစ်ခွဲ ချမှတ်လိုက်သည်။အင်းစိန်ထောင် တရားရုံး အနီးတဝိုက်တွင် ယနေ့နံနက်မှ စပြီး လုံခြုံရေးများကို တင်းကျပ်စွာ ချထားခဲ့သော်လည်း ပါတီဝင်များ၊ အဖွဲ့ဝင်များနှင့် ပြည်သူများ စုစုပေါင်း တထောင်ခန့် စုဝေး ရောက်ရှိ ခဲ့ကြသည်ဟု အင်းစိန်ထောင် ရှေ့သို့သွားရောက်ခဲ့သူ ရခိုင်လူငယ်တဦးက ပြောသည်။ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်၍ ထောင်ပြစ်ဒဏ်ကို တနှစ်ခွဲ လျှော့ ချမှတ်ခဲ့သော်လည်း ဒေါ်စုနှင့် အတူ နေထိုင်သူ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမ တို့ကို ထောင်ဒဏ် သုံးနှစ် ချမှတ် ခဲ့သည်။ ပြစ်ဒဏ် ချမှတ်ကြောင်းကို ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦးက အင်းစိန်ထောင် တရားရုံး တရားခွင်သို့ လာရောက် ဖတ်ကြားခဲ့သည်။ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမ တို့မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တတွဲတည်း ပြစ်ဒဏ် ချမှတ်ခံရပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ဝင်ရောက်သူ မစ္စတာ ဂျွန် ဝီလျံ ယက်ထောကိုမူ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက် ကြောင်းသိရသည်။ယနေ့ တရားခွင်သို့ နိုင်ငံခြားသံတမန်များနှင့် သတင်းထောက်များကို ဝင်ရောက်ခွင့် ပြုခဲ့သည်ဟု သိရှိရသည်။

8:55 AM
zarni